စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်သည်။
ထို့ပြင် အမွှေးနံ့သာရည်များပက်ဖြန်းခြင်း၊ ညောင်ထောက်ကုသိုလ်ပြုခြင်း၊ စတုဗုဒ္ဓမဟာအတုလစေတီရင်ပြင်တော်အား သန့်ရှင်းရေး ကုသိုလ်ဒါနပြုလုပ်ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်သည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ထေရဝါဒဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဝန်းသိုမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ရပ်ကွက်များ၌ ဒေသခံပြည်သူများက မြန်မာ့ဓလေ့ရိုးရာအစဉ်အလာများနှင့်အညီ ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ တရားဘာဝနာပွားများ အားထုတ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
