ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နာခွန်ရာချာစီမာရှိ လေတပ်စခန်း အမှတ် (၁) သို့ ရောက်ရှိလာခဲ့ပြီး၊ အရေးကြီးပုဂ္ဂိုလ် (VIP) လုံခြုံရေး အကာအကွယ်ပေးသည့် လေ့ကျင့်ခန်းပုံစံဖြင့် F-16 တိုက်လေယာဉ် သုံးစင်းက ခြံရံလိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
အမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးချုပ် အနုတင်သည် တော်ဝင်ထိုင်းလေတပ်၏ အမှတ် (၁) လေတပ်စခန်းသို့ သွားရောက်ကာ စစ်ဆင်ရေးအသင့်ဖြစ်နေမှုကို စစ်ဆေးရန်နှင့် လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်ပြသမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်၏ လေယာဉ်သည် အဆိုပါလေတပ်စခန်း၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် F-16 တိုက်လေယာဉ် နှစ်စင်းက ဘေးတစ်ဖက်တစ်ချက်မှ လိုက်ပါပျံသန်းခဲ့ကြပြီး တတိယမြောက်လေယာဉ်က အထက်မှ ပျံသန်းကာ အရေးကြီးပုဂ္ဂိုလ် လေယာဉ်တစ်စင်းအား ခြံရံလိုက်ပါသည့် စစ်ဆင်ရေးကို ပုံဖော်ပေးခဲ့ကာ လေယာဉ်များ မြေပြင်သို့ ဆင်းသက်ခဲ့ကြသည်။
ဝန်ကြီးချုပ် အနုတင်ကို တော်ဝင်ထိုင်းလေတပ် ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်သာ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အဒူလ် ဘွန်းသမ်ချာရွန်၊ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး သာရာဖုန် မာလာကမ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဦခရစ် ဘွန်းတန်နွန့်နှင့် အဆင့်မြင့်စစ်ဘက်အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူခဲ့ပြီးနောက် F-16 တိုက်လေယာဉ်များပါဝင်သည့် လေကြောင်းမှ မြေပြင်သို့ တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ပွဲ ဆင်နွှဲမှု စသည့် လေတပ်၏ နည်းဗျူဟာမြောက် စစ်ဆင်ရေး သရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။
လေတပ်စခန်း အမှတ် (၁) ရှိ တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် အနုတင်က နယ်စပ်တစ်လျှောက် လုံခြုံရေးစိုးရိမ်ပူပန်မှုများကြားတွင် တိုက်လေယာဉ် နည်းဗျူဟာ စစ်ဆင်ရေးများဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် အဆိုပါတပ်ဖွဲ့၏ အခန်းကဏ္ဍကို ချီးကျူးစကားဆိုခဲ့သည်။
“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ပြည်သူလူထုအတွက် လုံခြုံစိတ်ချရမှုကို ဖန်တီးပေးဖို့အတွက် အနစ်နာခံပြီး ဆောင်ရွက်နေကြတဲ့ တပ်မှူးတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းအားလုံးကို ကျုပ်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါတယ်” ဟု သူက ပြောကြားခဲ့သည်။
လေတပ်၏ စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်း၊ အထူးသဖြင့် ၎င်း၏ တိုက်လေယာဉ်စစ်ဆင်ရေးများကို အားကောင်းစေခြင်းသည် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်ပြီး အစိုးရအနေဖြင့် အပြည့်အဝ ပံ့ပိုးပေးရန် အဆင်သင့်ရှိနေကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
“တော်ဝင်ထိုင်းလေတပ်အနေနဲ့ သးတို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အစိုးရက အပြည့်အဝ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး အဲ့ဒီလိုလုပ်ဆောင်ဖို့လည်း လုံးဝအသင့်ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် ဝန်ကြီးချုပ်က လေတပ်အရာရှိ၊ စစ်သည်များအနေဖြင့် စည်းလုံးညီညွတ်မှု၊ နိုင်ငံချစ်စိတ်နှင့် ပြည်သူ့အကျိုးအတွက် အနစ်နာခံမှုကို ပြသခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ရာတွင် အမြဲအသင့်ဖြစ်နေမှုနှင့် ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ်သည် နည်းဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး H225M ရဟတ်ယာဉ်တစ်စင်း ပါဝင်သည့် တိုက်ပွဲဝင် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။
