ရန်ကုန်၊ ဇူလိုင်-၂၅
လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် (၁၆) မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေး ထုတ်ပြန်ထားသည်။
လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer သည် OLCT Control ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် ဇူလိုင် (၂၇) ရက် နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားကာ ပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်သည်။
ထိုသို့ ပြုပြင်စဉ်ကာလအတွင်း လှော်ကားရေလှောင်ကန်မှ ရေဖြန့်ဖြူးပေးဝေလျက်ရှိသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် စသည့် မြို့နယ်များ၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အဆိုပါ မြို့နယ်များတွင် နေထိုင်ကြသော ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေများ ကြိုတင် စုဆောင်းထားကြရန်နှင့် ရေသုံးစွဲရန် အခက်အခဲ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ခရိုင်အလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။