ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် သဘာဝတောတောင်ရေမြေအလှတို့နှင့် လှပသည့် မြို့တစ်မြို့ဖြစ်ပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် နေထိုင်သော ကျေးလက်တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာဌာန၏ စာရင်းများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်တွင် အာလူးကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ နှစ်ရာသီခွဲ စိုက်ပျိုးထားပြီး မိုးအာလူး ၃ ဧကနှင့် ဆောင်းအာလူး ၁၅၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ယခုအခါ မိုးအာလူး ၃ ဧကလုံးကို ရိတ်သိမ်းပြီးဖြစ်ကာ ထွက်ရှိသည့် အာလူးများကို ပြည်နယ်အတွင်း ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ အထိဖြင့် ရောင်းချလျက်ရှိသည်။
အာလူးသည် ရေဝပ်ခြင်းမကြိုက်သောကြောင့် စိုက်ပျိုးရာတွင် ရေထုတ်မြောင်းများကို ကောင်းစွာပြုလုပ်ရန် လိုအပ်ပြီး ထွန်မွှေခြင်း၊ စိုက်ကြောင်းဆွဲခြင်းနှင့် ကျင်းဖောက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်းလည်း သိရသည်။
စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် မျိုးစရိတ်၊ စိုက်ခင်းပြင်ဆင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းနှင့် အလုပ်သမားခတို့အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ခန့်မှန်းအားဖြင့် ကျပ် ၁,၃၄၀,၀၀၀ ဝန်းကျင်ရှိသည်။
တစ်ဧကလျှင် အထွက်နှုန်း ပိဿာ ၂,၀၀၀ ခန့်ရရှိပြီး တစ်ပိဿာ ကျပ် ၅,၀၀၀ နှုန်းဖြင့် ရောင်းချပါက ဝင်ငွေ ကျပ် ၁၁,၀၀၀,၀၀၀ ဝန်းကျင် ရရှိနိုင်သည်ဟု ဆိုသည်။
ထို့ကြောင့် ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးမှာ ၁:၈.၂ ခန့်ရှိပြီး အမြတ်ငွေ ကျပ် ၉,၆၆၀,၀၀၀ ဝန်းကျင်ရရှိနိုင်သဖြင့် အာလူးသည် စီးပွားဖြစ် စိုက်ပျိုးသင့်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
