တရုတ်နိုင်ငံမှ (၁) ဘီလီယံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခု၊ စုစုပေါင်း (၁၉၀) မဂ္ဂါဝပ် တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၅) မှ သိရသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ် (National Grid) နှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများအကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀ ၂၄ ခုနှစ် ဒီဇင်ဘာလ အထိ စုစုပေါင်းတပ်ဆင်အင်အား ၆,၅ ၂၀ မဂ္ဂါဝပ်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစားပါဝင်မှု၌ ရေအားလျှပ်စစ်မှ ၅၀ ရာနှုန်း၊ သဘာဝဓာတ်ငွေ့မှ ၄၃ ရာနှုန်း၊ ကျောက်မီးသွေးမှ ၂ ရာနှုန်း၊ ဆိုလာမှ ၄ ရာနှုန်းနှင့် ဒီဇယ်မှ ၁ ရာနှုန်း တို့ကို ထုတ်လုပ်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
ထို့ပြင် အကူအညီ/ အထောက်အပံ့အနေဖြင့် တရုတ်နိုင်ငံမှ ၁ ဘီလီယံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခု၊ စုစုပေါင်း (၁၉၀) မဂ္ဂါဝပ် နှင့် အလားတူပင် အိန္ဒိယနိုင်ငံ၏ အမေရိကန် ဒေါ်လာ ၂ သန်းထက်မပိုသော အသေးစား ဖွံ့ဖြိုးမှုစီမံကိန်းအောက်မှ နေပြည်တော်ဗဟိုသင်တန်းကျောင်း အဆောက်အဦတွင် Rooftop နှင့် Ground Mounted Solar (၇၀၀) ကီလိုဝပ် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်အောက်မှ စီမံကိန်းတစ်ခုစီအတွက် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ဖြင့် ဆောင်ရွက်နိုင်မည့် နေပြည်တော်ဗဟိုသင်တန်းကျောင်း အဆောက်အဦတွင် Rooftop Solar (၂၅) ကီလိုဝပ်နှင့် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ရုံးအဆောက်အဦတွင် (၂၅) ကီလိုဝပ်တို့ကို ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့ အဆိုပြုထားကြောင်းလည်း သိရသည်။
ဆက်လက်၍ မိမိတို့နိုင်ငံအတွင်း Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးကို ကော်မတီဝင်များ၏ ဆွေးနွေးမှုများမှ ကောင်းမွန်သောရလဒ်များ ရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။