တနင်္သာရီတိုင်း၊ လောင်းလုံးကျွန်ဆွယ်ရှိ ဒေသခံ စစ်ဘေးရှောင် အိမ်ထောင်စု (၃၉၄)စု အားစားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် ဒေါနတနင်္သာရီစစ်ဘေးရှောင်အထောက်အကူပြုရေး အဖွဲ့ထံက သိရသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၃) ရက်၌ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ညောပြင်၊ ကျောက်မတ်တပ်၊ ထောင့်နန်းစသည့် ကျေးရွာများမှ ပြည်သူသောင်းနှင့်ချီ၍ စစ်ဘေးရှောင်ခဲ့ကြရခြင်းဖြစ်သည်။
ထိုသို့ စစ်ဘေးရှောင်အိမ်ထောင်စု (၃၉၄) စုအတွက် ဆန်အိတ် (၆၀) စားအုန်းဆီ (၁၅) ဖာ၊ ခေါက်ဆွဲ (၅) ဖာ၊ ကြက်သွန်နီ (၁၅)အိတ်ကို မျှဝေကူညီပေးခဲ့သည့်အပြင် စစ်ဘေးရှောင်ပြည်သူ (၅၉၈) ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားပြီဖြစ်သော်လည်း နေရပ်ပြန်သူများရှိသလို ရာနှင့်ချီသော စစ်ရှောင်အချို့ ကျန်ရှိနေသေးကြောင်း သိရသည်။