လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။
လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။
” အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။
ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန် ဒေသအလိုက်ဖိဖိစီးစီးကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကာ တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်ကန်သည့်သတင်းပေးတိုင်ကြားမှုများရရှိစေရေးကို နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထိုသို့ တရားမဝင်ကုန်သွယ်မှုများအား သတင်းပေးတိုင်ကြားမှုများကြောင့် ယနေ့အထိ အမှုတွဲပေါင်း (၄၀၀၀)ကျော်ဖမ်းဆီးရမိခဲ့ပြီး သတင်းပေးတိုင်ကြားသည့် တာဝန်သိပြည်သူများကိုလည်း ထိုက်တန်သည့်ချီးမြှင့်မှုများဆောင်ရွက်ပေးခဲ့သည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။
