ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂) လီတာနှင့် မော်တော် ယာဉ်တစ်စီးလျှင် (၁၀) လီတာရောင်းချပေးလျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။
“ပြည်နယ်အစိုးရ စက်သုံးဆီဆိုင်နှစ်ဆိုင်မှာ ဝယ်ယူလို့ရအောင်စီစဉ်ပေးတယ်ကြားတယ်။ တစ်ရက်ကို သတ်မှတ်နှုန်းအတိုင်းရောင်းပေးနေတာ။ အဆင်ပြေပါတယ်။ သတ်မှတ်နှုန်းထက်တော့တိုးရောင်းပေးစေချင်တာပေါ့။ အပြင်ပေါက် ဈေးနဲ့ဆိုဝယ်သုံးဖို့က အဆင်မပြေဘူးလေ” ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။
ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်(၂)ဆိုင်ရှိပြီး လားရှိုး အ.ထ.က (၃) ရှေ့ REGENCY စက်သုံးဆီဆိုင်နှင့် လားရှိုးမြို့အထွက် အသောက စက်သုံးဆီဆိုင်တို့တွင် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
