လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို ဖီဒါ(၁)နှင့် ဖီဒါ(၃)မှ လျှပ်စစ်ဓာတ်အားပေးဝေမည့် အချိန်ဇယားကို မြို့မီးလင်းရေးကော်မတီက ထုတ်ပြန်အသိပေးလိုက်ခြင်း ဖြစ်သည်။
ဖီဒါ(၁) စက်မှုဇုန်လိုင်းနှင့် ဖီဒါ(၃)မြို့ရှောင်လမ်းလိုင်း ဟူ၍ (၂)ပိုင်းခွဲကာ ပေးဝေသွားမည်ဖြစ်ပြီး ဖီဒါ(၁) စက်မှုဇုန်လိုင်းတွင် နေရာ(၁၈) နေရာရှိကာ၊ ဖီဒါ(၃)မြို့ရှောင်လမ်းလိုင်းတွင် နေရာ (၇)နေရာရှိကြောင်း မီးလင်းရေးကော်မတီ၏ အသိပေးချက်အရ သိရသည်။
တာချီလိတ်မြို့တွင် လျှပ်စစ်အသုံးပြုရန် တပ်ဆင်ထားသည့် မီတာအရေအတွက်မှာ ရိုးရိုးအိမ်သုံး မီတာ(၂၂,၅၀၀) ကျော်နှင့် ပါဝါမီတာ (၅၄၀)ကျော်ရှိနေရာ အဆိုပါ အရေအတွက်များအတွက် ရရှိထားသော (၁၃)မဂ္ဂါဝပ်ဖြင့် မျှတအောင် အချိန်ပိုင်းခွဲ၍ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။