လာမည့် ဖေဖော်ဝါရီ (၇) ရက်နှင့် (၈) ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြူဆိုင်းသည့် ရာသီဥတုအခြေအနေ (Foggy Weather Condition or Mist) ဖြစ်နိုင်သောကြောင့် လေကြောင်း၊ သင်္ဘောနှင့် အမြန်လမ်းပေါ် သွားလာသည့် ခရီးသွားယာဉ်များ သတိထားကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းရေးသားလိုက်သည်။
အဆိုပါ မြူဆိုင်းနိုင်ချေမှာ အထက်မြန်မာပြည် မန္တလေးလေဆိပ်တွင် မြူဆိုင်းနိုင်မည့် အခြေအနေ မတွေ့ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီလိုဖြစ်တတ်တာဟာ နှစ်စဉ်ဆောင်းအကုန်၊ နွေအကူး ဖေဖော်ဝါရီလအတွင်း တွေ့ရတတ်တဲ့ ပုံမှန်ရာသီဥတု အခြေအနေပါပဲ။ မနက်အစောပိုင်း ၉ နာရီလောက်အထိ အမြင်တာ (Visibility) လျော့ကျပြီး လေယာဉ်တွေ တက်ရင် အန္တရာယ်ရှိနိုင်တာကြောင့် လေယာဉ်ကွင်း ပိတ်ရတဲ့ အထိ လေဆိပ်တာဝန်ရှိသူတွေက ဆောင်ရွက်ကြရပါတယ်။”ဟု ဦးဝင်းနိုင်က ဆိုသည်။
လက်ရှိ အချိန်အထိ ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ် မြူဆိုင်းသည့် အခြေနေမှာ အနည်းငယ်စောနိုင်ကြောင်းလဲ တွေ့ရပါသည်ဟု ဦးဝင်းနိုင်က ရေးသားထားသည်။
အဆိုပါ အခြေအနေများကြောင်း လေကြောင်းပျံသန်းသွားလာသည့် ခရီးစဉ်များအပြင်၊ သင်္ဘောများနှင့် အမြန်လမ်းပေါ် သွားလာသည့် ခရီးသွားယာဉ်များလည်း နံနက်စောစောအချိန်များတွင် သတိထားရမည့် ရာသီဥတုအခြေအနေဖြစ်နေကြောင်း ဦးဝင်းနိုင်က အသိပေး/ သတိပေးလိုက်ခြင်းဖြစ်သည်။