ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် လာနီညာဖြစ်စဉ်ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ညအပူချိန်များ အနည်းငယ်လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း ထုတ်ပြန်ချက်အရ သိရသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ရှိနေပြီး နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရလည်း ဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းသည်။
လာနီညာဖြစ်စဉ်မှာ ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်သည့် ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ညအပူချိန်များ အနည်းငယ်လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုး/ဇလက ဆိုသည်။
ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။