အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) တို့အကြား ၂၀၁၅ ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး၊ IOM အနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အကူအညီပေးအပ်နေမှုနှင့် မြန်မာနိုင်ငံအတွင်း IOM ၏ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ခန့်ကြာမြင့်ခဲ့ပြီဖြစ်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ခုခံအားကျကာလသားရောဂါနှင့် တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် နိုင်ငံတော်က နှစ်စဉ် အေအာတီနှင့် တီဘီရောဂါကုသရေးဆေးဝါးများ ဝယ်ယူပံ့ပိုးပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ မန္တလေး ငလျင်ဘေးသင့်ဒေသများတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
