ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းကပ်လှူနေသောကြောင့် အထက်ပစ္စယံတက်ခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။
“ရွှေသင်္ကန်းကပ်လို့ ပြီးသွားမှပဲ ပြန်ပြီးတော့ တက်ခွင့်ပေးဖို့ရှိပါတယ်” ဟု ရွှေတိဂုံစေတီတော်ရှိ ဝေယျာဝစ္စအသင်းအဖွဲ့များထံမှ သိရသည်။
ရွှေတိဂုံစေတီတော်တွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနေသောကြောင့် အထက်ပစ္စယံသို့ တက်ရောက်၍ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းတို့အပြင် အထက်ပစ္စယံရှိ ရုပ်ပွားတော်များနှင့် အရံစေတီများကို ဖူးမျှော်ခွင့်ကိုလည်း ပိတ်ထားခြင်း ဖြစ်သည်။
ထိုနည်းတူ အထက်ပစ္စယံသို့ တက်ရောက်ရန်အတွက်တက်ရောက်ခွင့်ကတ်ပြားလျှောက်လွှာတင်ခြင်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
အထက်ပစ္စယံသို့ တက်ရောက်ခွင့် ကတ်ပြားပြုလုပ်လိုပါက လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရဲစခန်းထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာများလိုအပ်ပြီး ရွှေတိဂုံ စေတီ၏ တောင်ဘက်မုခ်၊ ဓာတ်လှေကားဂိတ်ရှိ ရောင်တော်ဖွင့်တန်ဆောင်းတွင် အလှူငွေထည့်ကာ လျှောက်လွှာတင်ရခြင်းဖြစ်သည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရန်အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၁၉) ရက်က ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာများ၌ ငြမ်းစေတီများ စတင်တည်ဆောက်ကာ ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းနေခြင်း ဖြစ်သည်။
ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် ရွှေစင်ရွှေပြား (၁၀)လက်မ ပတ်လည် ရွှေ(၁)ကျပ်သား တစ်ချပ်လျှင် ကျပ် (၂၅) သိန်း၊ ရွှေစင် ရွှေပြား (၁)ပေပတ်လည် ရွှေ(၆)ကျပ်သား တစ်ချပ်လျှင် ကျပ်သိန်း (၁၅၀) ဖြင့် ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။