ရွေးကောက်ပွဲအတွက် မဲဆွယ်ဆောင်ရွက်မှုများ ကမ်ပိန်းများပြုလုပ်ရာ၌ လုံခြုံရေးအရ သတ်မှတ်ပေးထားသည့် နေရာများတွင်သာ ဟောပြောမဲဆွယ်ရမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ တွေ့ဆုံသည့်အကြောင်းအရာများမှ သိရှိရခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် စီတန်းလှည့်လည် မဲဆွယ်ခြင်းမျိုးကို ခွင့်မပြုသော်လည်း လက်ကမ်းစာစောင်ပေးဝေခြင်းမျိုးတော့ ပြုလုပ်၍ရနိုင်သည်ဟုလည်း တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
“ဒီ စီတန်းတာကတော့ လုံခြုံရေးရှိနေတယ်၊ သတ်မှတ်ပေးထားတဲ့နေရာတွေမှာတော့ ဟောပြောနိုင်မယ်၊ တခြားပါတီ နိုင်ငံတော်ကိုထိခိုက်စေမယ့် ဟောပြောမှုတွေကို ခွင့်မပြုဘူး” ဟုလည်း ထိုတက်ရောက်ခဲ့သူကပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့် ကာလသည် မကြာမီတွင် ရောက်ရှိတော့မည်လည်း ဖြစ်သည်။
ထိုကာလသည် အောက်တိုဘာလ(၂၈)ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ (၂၆) ရက် ည (၁၂)နာရီ အထိ (ရက်ပေါင်း ၆ဝ) အတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၁၅) ရက်တွင် ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။
