လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ တင်သွင်းခဲ့ကြသည်။
နိုင်ငံရေးပါတီ(၅၇)ပါတီ နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် ဝင်ရောက်ယှဉ် ပြိုင်မည့်လွှတ်တော်ကိုယ်စားလှယ်လောင်း(၄,၉၆၃)ဦး ၏ အမည်စာရင်းများကိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တင်သွင်းရာ၌ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီ(၆)ပါတီ၊ တိုင်း/ပြည်နယ်တစ်ခုအတွင်းစည်းရုံးမည့် နိုင်ငံရေးပါတီ(၅၁)ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အမည်စာရင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း(၁,၀၁၈)ဦးဖြင့်အများဆုံးဖြစ်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၆၉၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀)ဦး၊ တစ်သီးပုဂ္ဂလအဖြစ် (၉၅)ဦးတို့ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။
