ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်း(၁)အဖြစ် မြို့နယ်ပေါင်း(၁၀၂)မြို့နယ် ၌ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုသို့ ရွေးကောက်ပွဲကျင်းပခြင်းအား သတင်းရယူလိုသည့် ပြည်တွင်း/ပြည်ပမှ သတင်းမီဒီယာအနက် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များသည် ပြန်ကြားရေးဝန်ကြီးဌာနသို့လျှောက်ထားရမည် ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ စိစစ်ပြီးမှသာ UEC ကအသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်သည်။
ပြည်တွင်းမီဒီယာများအား ရွေးကောက်ပွဲကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄)ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့ သတင်းရယူခွင့် သက်သေခံကတ်ပြားများလျှောက်ထားရာ၌ ကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲသတင်းရယူရန်တာဝန်ပေးစေ လွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကိုတင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းပုဂ္ဂလိကသတင်းမီဒီယာသမားများသည် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံချက်တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်သည်။
ထို့အတူ ခရိုင်တစ်ခုထက်ပို၍သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဟု UEC ကအသိပေးခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲနေ့ရက်များအတွက် သတင်းရယူခွင့်သက်သေခံကတ်ပြားများကို ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဟု UEC ကအသိပေးခဲ့သည်။
