မဲစာရင်း ဒုတိယအကြိမ်ကို နိုဝင်ဘာလ နှင့် နောက်ဆုံးအကြိမ်ကို ဒီဇင်ဘာလတွင် ကပ်ထားကြေညာမည်
ရွေးကောက်ပွဲ အပိုင်း(၁)ကို လာမည် ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ မြို့နယ် ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ခြင်းကြောင့် ရက်ပေါင်း(၆၀)သာ လိုတော့ကြောင်း သိရသည်။
လက်ရှိ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားပြီးဖြစ်ပြီး နိုဝင်ဘာလတွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း နှင့် မဲဆန္ဒရှင်များအနေဖြင့် လာရောက်ကြည့်ရှု၍ ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊ နောက်ဆုံးအကြိမ်အနေဖြင့် ဒီဇင်ဘာလအတွင်း ကပ်ထားကြေညာပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် အတည်ပြု မဲစာရင်းရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုး ကပြောသည်။
ယမန်နေ့က ကျင်းပသည့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုး က အထက်ပါအတိုင်းပြောကြားခဲ့ခခြင်းဖြစ်သည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်းများ ကပ်ထားကြေညာချိန်တွင် သွားရောက်ကြည့်ရှု၍ မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ မပါသင့်သူများ ပါဝင်နေပါက ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း လည်း ဦးသန်းစိုး ကပြောသည်။
ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်းမပြုမီ သက်ဆိုင်ရာဌာနများ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၅၁ ပါတီ၊ စုစုပေါင်း ၅၇ ပါတီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားကြောင်း ရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်များအရ သိရသည်။
