မော်စကို၊ဖေဖော်ဝါရီ ၁၂
ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။
“လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး” ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။
အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။
ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။
၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး ၂၀၂၂ ခုနှစ်တွင် မစ္စတာဖိုဂယ်လ်ကို ရုရှားဘက်က အမြင့်ဆုံးအပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်ချခဲ့သည်။
Source : ရှင်းဟွာ