ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းကကျင်းပသည့် ပဲခူးတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့အနေဖြင့် မဲဆန္ဒရှင်များ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်စာရင်းများထုတ်ပြန်ပြီးပါက မဲဆွယ်စည်းရုံးစဉ်ကာလအတွင်းဆောင်ရွက်ရမည့် အပိုင်းလိုက်လုံခြုံရေးဆိုင်ရာများကို ကြိုတင်ပြင်ဆင်ထားရမည်ဟု ပြောသည်။
ထို့ပြင် ဒုတိယအကြိမ်မဲစာရင်းထပ်မံမကြေငြာမှီ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရန် ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲပေးစက်အသုံးပြု၍ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းကိာ ကျယ်ကျယ်ပြန့်ပြန့်အရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးရမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့မဈေးကြီးနှင့် အမှတ်(၂)ရပ်ကွက်များ၌ မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုနေမှုနှင့် မဲပေးစက်အသုံးပြုပုံသရုပ်ပြခြင်းတို့အား ကြည့်ရှုခဲ့သည်။
