မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများကို ပြန်လည် ပြုပြင်ရာတွင် ရှေးဟောင်းသုတေသနဦးစီးဌာန၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မှာကြားသည်။
ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများကို ပြန်လည် ပြုပြင်နေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဧပြီ (၂၈)ရက် ညနေပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ရန်အောင်မြင် ရွှေလက်လှ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ ပြန်လည် ပြုပြင်ဆောင်ရွက်ရေး၊ စေတီတော်ကြီး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနဦးစီးဌာန၏ အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရေး၊ အလှူရှင်များမှ ပြန်လည်လှူဒါန်းမည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မှာကြားခဲ့သည်။
ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ် ၊တော်ဝင်ရတနာလမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီးများအား စက်ယန္တယားများဖြင့် ပြန်လည်ပြုပြင်နေမှုကို သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ၌ လမ်းများရေရှည်တည်တံ့ခိုင်မြဲအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းသားများ သိပ်သည်းမှုရှိအောင် စနစ်တကျဆောင်ရွက်ပြီးမှသာ လမ်းခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး၊ လုပ်ငန်းအမြန်ဆုံးပြီးစီးနိုင်ရေး စက်ယန္တယားများ၊ လူအင်အားများ တိုးမြှင့်ဆောက်ရွက်စေရေးတို့ကို ဆက်လက် မှာကြားခဲ့သည်။
မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦ ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိ ငလျင်ဘေးသင့် ဒေသအသီးသီး၌ ရှင်းလင်းရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။