ကိဗ်၊မေ ၂၂
ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။
အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။
သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။
“ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်” ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။
ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုဖြစ်ကြောင်းလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လကတည်းက ယူကရိန်းနှင့်ရုရှားတို့သည် အကျဉ်းသား လဲလှယ်မှုကို ၆၄ ကြိမ်ပြုလုပ်ခဲ့ကြပြီး ထိုအချိန်မှစ၍ ယူကရိန်းနိုင်ငံသား (၄,၇၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
