ယနေ့ ဧပြီ(၁၂)ရက် (တန်ခူးလပြည့်နေ့) မွန်းလွဲ (၃)နာရီအချိန်၌ ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုသည် ယခု ဧပြီလ ဒုတိယပတ်အတွင်း မိုးရေပမာဏာ စံချိန်တင်ရွာသွန်းသည့် အခြေအနေတွင် တွေ့ရှိရပြီး အချို့သော မြစ်ချောင်းနှင့်နီးသည့် ရပ်ကွက်အချို့ ရေဝင်ရောက်သည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ(၉)ရက်ကလည်း ရန်ကုန်မြို့နှင့်အနီးပတ်ဝန်း ကျင်မြို့နယ်များတွင် မိုးသည်းထန်းစွာရွာသွန်းခဲ့ပြီး မိုးကြိုး ပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သေးသည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဧပြီ (၁၂) ရက်မှ ဧပြီ(၁၇) ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် နေရာကွ က်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက အသိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု အန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် အသိပေးချက်တွင် တိုက်တွန်းနှိုး ဆော်ထားသည်။
