၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု တိုင်းဝန်ကြီးပြော
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမီးအလင်းရောင် ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး (ဆိုလာ) လမ်းမီးများ ဝယ်ယူကာ အစားထိုးလဲလှယ်တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။
အဆိုပါ အစီအစဉ်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၂၃ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာမျိုးသော်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်မြို့မှာ ညအချိန် အလင်းရောင်ကောင်းမွန်စွာ ရရှိစေဖို့ လိုအပ်တဲ့နေရာတွေမှာ လမ်းမီးဓာတ်အားလိုင်းတွေ တည်ဆောက်ပြီး လမ်းမီးတွေ တပ်ဆင်ထွန်းညှိတာ၊ ချို့ယွင်းနေတဲ့ မီးလုံးတွေ လဲလှယ်တာနဲ့ ပြုပြင်နိုင်တဲ့ မီးလုံးတွေကို ပြန်လည်ပြုပြင်တာတွေကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လာမည့်နှစ်များတွင် လမ်းမီးလုံးများ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်စဉ် လမ်းမီးလုံးစုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်ကို အသစ်ဝယ်ယူ၍ အစားထိုးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသော်က ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် ၁၄ ခရိုင်အတွင်း မြို့နယ်များ၌ လမ်းမီးလုံးပေါင်း ၄၇,၀၆၂ လုံး တပ်ဆင်ထားပြီး လမ်းလယ်ကျွန်းများတစ်လျှောက် လမ်းမီးလုံး ၇,၂၃၀ လုံး တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လမ်းမီးများ ပြုပြင်ထိန်းသိမ်းရန်အတွက် မီးလုံး ၇၀၀ ကို ဝယ်ယူထားကြောင်းလည်း သိရသည်။
