ရန်ကုန်၊ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် Online လောင်းကစားလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် Bank Account ၁၂ ခုမှ Online လောင်းကစားလုပ်ငန်းဖြင့် ရရှိထားသည့် ငွေကျပ် ၃၉၆၈ သိန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၁) ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ နေအိမ်တစ်အိမ်၌ Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ဩဂုတ် ၂၁ ရက် ညပိုင်းက ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ Online Game Website များတွင် Agent Account ခုနစ်ခု ဖွင့်လှစ်၍ လောင်းကစားလုပ်ငန်း ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင်အပါအဝင် အမျိုးသားငါးဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ထံမှ လောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် All-in-One Computer သုံးလုံး၊ Desktop Computer ၁၀ လုံး၊ Laptop ၁၂ လုံး၊ Printer တစ်လုံး၊ လက်ကိုင်ဖုန်း ၃၆ လုံး၊ Tablet သုံးလုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖော်ထုတ်မှုအရ အေးဉာဏ်ပိုင်နှင့် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ (ခ) ဖိုးရှမ်းကို ဩဂုတ် ၂၃ ရက်တွင် တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ အလုံမြို့နယ်ရှိ Golden Team Mansion တွင် “99 Legends Online Game” လောင်းကစားလုပ်ငန်းနှင့် ဆက်စပ်သူ အင်ကြင်းမြိုင်ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ယင်းနေရာမှ All-in-One Computer ၁၃ လုံး၊ Monitor ၁၆ လုံး၊ System Box ၁၅ လုံး၊ UPS ၄၈ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် “99 Legends Online Game” တွင် HR အဖြစ် ကြီးကြပ်လုပ်ကိုင်သူ နန်းဟွမ်ယုန်း (ခ) ရှန်းရှန်း (ခ) အစ်မ၊ စီမံခန့်ခွဲသူ အောင်ကျော် (ခ) AK နှင့် Leader အဖြစ် လုပ်ကိုင်သူ ခိုင်နှင်းဝေ (ခ) မခိုင်တို့ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ အောင်ကျော် (ခ) AK ၏ ထွက်ဆိုချက်အရ “99 Legends Online Game” လောင်းကစားလုပ်ငန်းကို တရုတ် (ထိုင်ဝမ်) နိုင်ငံသား PI CHIEF YU (ခ) Jack Pi (ခ) JP ၏ စေခိုင်းမှုဖြင့် စီမံခန့်ခွဲလုပ်ကိုင်ခဲ့ပြီး လောင်းကြေးငွေများကို သက်ဆိုင်ရာ Bank Account များသို့ လွှဲပြောင်းပေးပို့ကာ အနိုင်အရှုံးစာရင်းများကို Telegram မှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။
Online 1D/2D/3D လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်ရာ အောင်ဇင်ဦး၊ ရဲကျော်ကျော်၊ တေဇာအောင် (ခ) အောင်အောင်၊ နိုင်ဝင်းထွန်း (ခ) နိုင်ဝင်း၊ ကျော်စွာဝင်း (ခ) ကျော်ကျော်နှင့် စာရင်းကိုင် စန်းစပ္ပာယ်ဖူးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး နိုင်ဝင်းထွန်း (ခ) နိုင်ဝင်း၏ နေအိမ်မှ Laptop နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖော်ထုတ်ဖမ်းဆီးမှုများအတွင်း အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၆ ဦးနှင့် ကွန်ပျူတာ၊ Laptop၊ လက်ကိုင်ဖုန်း၊ Tablet အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိသူများ အသုံးပြုခဲ့သည့် Bank Account ၁၂ ခုမှ Online လောင်းကစားလုပ်ငန်းဖြင့် ရရှိထားသည့် ငွေကျပ် ၃၉၆၈ သိန်းကို ထိန်းချုပ်ထားပြီး ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်ရှိသူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
