လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။
လျှပ်စစ်ဓာတ်အားကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်မှစ၍ အဆင့်ဆင့်တိုးမြှင့်ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ယူနစ်(၅ ဒသမ ၆၀၆) သန်းတိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကာ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ယူနစ်(၆၅)သန်းခန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။
အဆိုပါ တိုးမြင့်ရရှိသည့် လျှပ်စစ်ဓာတ်အားများအ နက် ရန်ကုန်တိုင်းအတွက် မူလဖြန့်ဖြူးထားသည့် ယူနစ်သန်း(၃၀)အပြင် ထပ်မံခွဲဝေရရှိလာသည့် ယူနစ်(၂)သန်းအား တိုင်းအတွင်းရှိ အများပြည်သူများသို့ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းရှိ မြို့နယ်/မြို့များအသီးသီးသို့ တစ်နေ့လျှင် အနည်းဆုံး(၁၆)နာရီခန့်ဖြန့်ဖြူးပေးရန်ဖြစ်သော်လည်း ဓာတ်အားလိုင်းများအပြစ်ဖြစ်ပေါ်ခြင်း၊ ည ၉ နာရီမှ ၁၀ နာရီအတွင်း ဝန်အားရုတ်တရက်တက်လာချိန်များတွင် ဝန်အားထိန်းညှိရခြင်းတို့ကြောင့် အနည်းဆုံး ၁၂ နာရီ ၅၆ မိနစ်မှ အ များဆုံး(၂၀)နာရီခန့်အထိ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ထို့ပြင် ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများကိုမူ အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်လည်းစီစဉ်ထားသည်ဟု အသိပေးခဲ့သည်။
