ရန်ကုန်တိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အမေရိကန်ဒေါ်လာ (၁.၅၇၇) သန်းပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀ ၂၅) ကြိမ် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးပြီး အတည်ပြုပေးသည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် ပြည်ပသို့ (၂၀%) တင်ပို့ပြီး ပြည်တွင်း၌ (၈၀%) ရောင်းချမည့် သစ်အခြေခံသော သစ်သားပြား အမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတို့ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၅၇၇) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁,၀၀၅)ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်သည့် ကုမ္ပဏီ (၃) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။