ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ သိပ္ပံနှင့်သုတေသနဝန်းအနီး၊ ရန်ကင်းဆေးရုံအနီးတွင် ယနေ့ (မတ် ၂၆ ရက်) ည ၈ နာရီ ၀၇ မိနစ်ခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့်တပြိုင်နက် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးနှင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးတို့ အရေးပေါ်ထွက်ခွာ၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ညနေ ၂၀ နာရီ ၁၅ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုလည်း ထပ်မံထွက်ခွာသွားခဲ့ကြောင်း သိရသည်။
” Chemical ကြောင့်လို့သိရတယ်။ ကျွန်တော်တို့လည်း သတင်းရရချင်းထွက်လာတာ။ ရေနဲ့ဖြန်းလို့ရတဲ့အနေအထားမဟုတ်ဘူး။ သဲအိတ်တွေနဲ့ဖို့ရတာ။ အင်အားအလုံအလောက် ရှိပါတယ်” ဟု ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။
မီးလောင်မှုဖြစ်စဉ်နေရာသို့ တပ်ဖွဲ့ဝင်အင်အား ရာကျော်လာရောက် ကူညီငြိမ်းသတ်ခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
