မြန်မာနေရှင်နယ်လိဂ်လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်ကို ယမန်နေ့ ဧပြီ(၂၅)ရက်၌ စတင်ကျင်းပရာ၊ အဖွင့်ပွဲစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို(၆) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် ယူ ၂၁ အသင်းသည် လက်ရှိပွဲစဉ် (၁) အပြီး နိုင်မှတ် (၃)မှတ်နှင့် စတင်နိုင်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့် (၁) နေရာတွင် ရပ်တည်လျက်နေပြီဖြစ် သည်။
ယမန်နေ့ ပွဲစဉ်၏ ပထမပိုင်းပွဲချိန်၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစချိန် (၆) မိနစ်အတွင်း တိုက်စစ်ကစားသမား ထက်ဝေယံစိုးက ဦးဆောင်ဂိုး(၁)ဂိုး၊ ပွဲချိန် (၁၅) မိနစ်နှင့် (၁၇) မိနစ်တို့တွင် ထက်ဝေယံစိုးနှင့် လမင်းပြည့်စုံတို့က ဒုတိယဂိုး နှင့် တတိယဂိုး၊ ပထမပိုင်းပြီးခါနီး နာကျင်အချိန် ပို (၃)မိနစ်တွင် တောင်ပံကစားသမားကောင်းခန့်ကျော်က သွင်းဂိုး(၁)ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပွဲချိန် (၅၇) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ခေါင်းဆောင် ရဲဝင်းအောင်က (၅) ဂိုးမြောက်သွင်းဂိုးကိုလည်းကောင်း၊ ပွဲချိန် (၆၂) မိနစ်တွင် ဘယ်နောက်ခံကစားသမား လွှမ်းထက်ထွန်းက သွင်းဂိုး(၁)ဂိုးကိုလည်းကောင်း အသီးသီးသွင်းယူခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) အဖြစ်လာမည့် မေလ (၇) ရက်တွင် Falcons အသင်းနှင့် YUSC ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
