သြဂုတ်လ ၁၁ ရက်
တောင်ကိုရီးယားနိုင်ငံသည် ရုရှားနှင့် မြောက်ကိုရီးယားတပ်များကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံဘက်မှ မယိမ်းမယိုင် ရပ်တည်ပေးခဲ့သော်လည်း လေကြောင်းကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုမှာမူ တောင်ကိုရီးယားအစိုးရ လက်ခံရန် အလွန်ခက်ခဲသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။
စစ်ဖြစ်ပွားနေသော နိုင်ငံများထံ လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ တောင်ကိုရီးယား၏ ဥပဒေနှင့် မူဝါဒဆိုင်ရာ ကန့်သတ်ချက်များ၊ မိမိနိုင်ငံ၏ စစ်ရေးလိုအပ်ချက်များအပြင် ယူကရိန်းထံ ယင်းကဲ့သို့သော လက်နက်များ ထောက်ပံ့ပေးခြင်းသည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုတင်းမာသွားစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။
မြောက်ကိုရီးယားသည် စစ်ပွဲတွင် ပါဝင်ပတ်သက်မှုမှတစ်ဆင့် တန်ဖိုးရှိသော စစ်မြေပြင်အတွေ့အကြုံများကို ရရှိနေပြီး ရုရှားထံမှလည်း အဆင့်မြင့်စစ်နည်းပညာများကို ရရှိနေသဖြင့် အာရှနိုင်ငံများအတွက် ကြီးထွားလာသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးရင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက တောင်ကိုရီးယားအနေဖြင့် ၎င်း၏ တပ်ဖွဲ့များအတွက် လေကြောင်းကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။
စနေနေ့က လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ ဇလန်းစကီးက “ရုရှားနယ်မြေအတွင်း မြောက်ကိုရီးယားစစ်သား ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ တပ်ဖြန့်ရန် ဆုံးဖြတ်လိုက်ပြီ” ဟု သတိပေးခဲ့ပြီး၊ ယင်းပမာဏမှာ ဇူလိုင်လက ၎င်း၏ ကနဦးခန့်မှန်းချက် ၃၀,၀၀၀ ထက် ပိုမိုမြင့်မားနေသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထပ်မံဖော်ပြခဲ့ခြင်း မရှိပေ။
ထို့ကြောင့် တောင်ကိုရီးယားအနေဖြင့် “ယူကရိန်းနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်” ဟု ၎င်းက ဆိုသည်။
ဇလန်းစကီးက ကျွန်တော်တို့မှာ လိုအပ်နေတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေအဖြစ် တောင်ကိုရီးယားဆီက ထောက်ပံ့ကူညီမှု အရမ်းရချင်ပါတယ်ဟု ပြောကြားခဲ့ပြီး တုံ့ပြန်မှုအနေဖြင့် ယူကရိန်းကလည်း အခြားအရာများအပြင် ဒရုန်းနည်းပညာဖြင့် တောင်ကိုရီးယားကို ပြန်လည်ကူညီပေးနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်