တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။
ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်၍ တည်ငြိမ်အေးချမ်းမှုလိုအပ်၍ တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစတင်ကာ ယခုမေလကုန်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။
” ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများများစွာရှိခဲ့သကဲ့သို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီနှင့် မိသားစုများ၌လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများစွာရှိခဲ့သဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင့်(၅)ဆင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းအင်အားစုများက အပြည့်အဝပါဝင်ခဲ့ကြသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်
ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပအလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် ထိုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
