ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည့် ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့်ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဈာပန အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထို့ပြင် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁) ခု ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ပြည့်စုံစွာ စီမံ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယင်းမှသာ နိုင်ငံတော်အဆင့်ဈာပန အခမ်းအနား ကို အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကပြောသည်။
ဈာပနအခမ်းအနားကျင်းပမည့်လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဖိတ်ကြားရေး၊ တည်းခိုရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဈာပနအခမ်းအနားကျင်းပမည့်နေရာ အဝင်/ အထွက် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျရှိစေရေး၊ ကော်မတီအလိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်အဆင့်ဈာပနာအခမ်းအနားတွင် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေးနှင့် နေရာချထားရေး၊ မိုးရာသီကာလဖြစ်သည့်အတွက် ကော်မတီများအလိုက် အရန်အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနား လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိရေးနှင့် တခြားလိုအပ်သည့် အစီအမံများနှင့်စပ်လျဉ်း၍လည်းကောင်း အစည်းအဝေးတတ်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့သည်။
