တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြေလွတ်/မြေရိုင်းများ၌ စပျစ်စိုက်ပျိုးခြံ တည်ထောင်လိုသည့် လုပ်ငန်းရှင်များကို ချထားပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာခွဲမှ သိရသည်။
အဆိုပါ ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စပျစ်စိုက်ပျိုးလို့ရရှိနိုင်သည့် မြေလွတ်မြေရိုင်းများကို ဖော်ထုတ်ပြီး စပျစ်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအတွက် စိုက်ပျိုးမြေများ ချထားပေးသွားဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ပြင် စိုက်ပျိုးနည်း အမျိုးအစား၊ စိုက်ပျိုးနည်းစနစ်များကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း၊ စပျစ်ကို အဓိကအားဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ရန် ရည်ရွယ်ကာ စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များကို နည်းပညာပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
စိုက်ပျိုးလိုသည့် တောင်သူ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအနေဖြင့် မိမိနေထိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပတ်ဝန်းကျင်ရှိ မြေလွတ်/မြေရိုင်းများတွေ့ရှိပါက စပျစ်စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ လျှောက်ထားနိုင်သလို မိမိပိုင်မြေဖြစ်ပါကလည်း မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှုနည်းပညာများကို ပူးပေါင်းဆောင်ရွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန် စပျစ်ဝိုင်အဖြစ်ပါ ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ်စသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့နယ်များ၌ စိုက်ပျိုးကြောင်း သိရသည်။
