အိန္ဒိယနိုင်ငံ၏ မြို့တော်နူးဒေလီတွင် ယနေ့(ဖေဖော်ဝါရီလ ၁၇) အရုဏ်မတက်မီ တစ်နာရီခန့်အလိုလောက်၌ မြို့စွန်တစ်နေရာကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုဖြစ်သည့် သတင်းများမကြားရသေးသော်လည်း အဆောက်အအုံများ လှုပ်ခါလာ၍ အထိတ်တလန့်ဖြစ်ခဲ့သော မြို့ခံများသည် အပြင်သို့ ထွက်ပြေးခဲ့ကြသည်။
ငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့သော ဇောက်တိမ်ေသာ ငလျင်တစ်ခုဖြစ်သည်ဟု အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ဆိုသည်။
ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးချက်များကိုလိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ခြေရှိသည့်အတွက် သတိရှိကြရန် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက တိုက်တွန်းခဲ့သည်။
“တုန်ခါမှုတွေကိုဒေလီနဲ့ အနီးဝန်ကျင် ဧရိယာတွေမှာ ခံစားခဲ့ရပါတယ်။ ဘေးကင်းရေး သတိပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့၊ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တဲ့ အတွက် သတိရှိကြဖို့ လူတိုင်းကို တိုက်တွန်းအပ်ပါတယ်၊ အာဏာပိုင်များအနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်” ဟု မစ္စတာ မိုဒီက X ပေါ်တွင် ပို့စ်တင်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က အကူအညီတောင်းခံနိုင်သည့် အရေးအပေါ် ဖုန်းနံပါတ်တစ်ခု ကို ထုတ်ပြန်ပေးခဲ့ပြီး “အားလုံးဘေးကင်းဖို့ မျှော်လင့်ပါတယ်၊ ဒေလီ” ဟု ဖော်ပြခဲ့သည်။
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းသည် ဟိမဝန္တာတောင်တန်းကြီးကို ဖြစ်ပေါ်စေသည့် အိန္ဒိယ မြေထုချပ်က ယူရေးရှား မြေထုချပ်အတွင်း တိုးဝင်သည့် ဘူမိဗေဒဆိုင်ရာ အဓိကပြတ်ရွေ့ကြောပေါ်တွင် တည်ရှိပြီး ငလျင်များ ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
