နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လဲလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး (၂) ဦးနှင့် လာအိုနိုင်ငံအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (Sister City MoU) တို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ထို့ပြင် မြန်မာ-လာအို နှစ်နိုင်ငံအကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းသဘောတူညီချက်များသည် မြန်မာ-လာအို နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ဒေသန္တရပူးပေါင်းဆောင်ရွက်မှုနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
