မြန်မာ-နီပေါ နှစ်နိုင်ငံသည် ၁၉၆၀ ခုနှစ် တရားဝင်သံတမန်ဆက်ဆံရေးမထူထောင်မီကပင် ရင်းနှီးချစ်ခင်စွာအပြန်အလှန်ပေါင်းသင်းဆက်ဆံရေးရှိခဲ့သည်ဟု နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၏ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးမျိုးမြင့်မောင်ကပြောသည်။
၎င်းမှ ဖေဖော်ဝါရီ ၄ ရက်ညနေပိုင်းက မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့မှကျင်းပပြီး နီပေါနိုင်ငံ၊ ဒု-သမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်းအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိအောင်တစ်စိုက်မတ်မတ်အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သူများကို ချီးကျူးဂုဏ်ယူမှတ်တမ်းတင်ဂုဏ်ပြုကာ မြန်မာနိုင်ငံ သမိုင်းကြောင်းနှင့် ပထဝီအနေအထားတို့အရ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ အစိုးရအဆက်ဆက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံမူအဖြစ် တစ်စိုက်မတ်မတ်ကျင့်သုံးခဲ့သည်ဟု မြန်မာသံအမတ်ကြီးက ပြောသည်။
လက်ရှိတွင်လည်း လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ ဆက်လက်ကျင့်သုံးလျက်ရှိကာ မြန်မာ-နီပေါ နှစ်နိုင်ငံသည် ၁၉၆၀ ခုနှစ် တရားဝင်သံတမန်ဆက်ဆံရေးမထူထောင်မီကပင် သမိုင်းကြောင်းရှည်ကြာစွာ၊ ရင်းနှီးချစ်ခင်စွာအပြန်အလှန် ပေါင်းသင်းခဲ့သည့် ဆက်ဆံရေးမျိုးဖြစ်ပြီး ပြည်သူအချင်းချင်းကြားတွင်လည်း ဖော်ရွေခင်မင်သော အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုရှိသည်ဟုလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။
မြန်မာ-နီပေါနှစ်နိုင်ငံသည် ၁၉၆၀ ခုနှစ်၊ မတ် ၁၉ ရက်တွင် တရားဝင် သံတမန်ဆက်ဆံမှုထူ ထောင်ခြင်းမပြုမီကပင် နှစ်နိုင်ငံကြား သမိုင်းကြောင်းရှည်ကြာသည့် အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကိုအခြေခံသော ပေါင်းသင်းဆက်ဆံမှုတို့ရှိခဲ့သည့် နိုင်ငံများဖြစ်သည်။