မြန်မာနိုင်ငံတွင်စားသုံးသည့် မြန်မာ့လက်ဖက်အစိုကို ယူနက်စကိုဝင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာတို့၏ လက်ဖက်အစို စားသုံးမှု ရှေးဟောင်းအမွေအနှစ်ကို နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေရန်နှင့် ယူနက်စကိုဝင်ရန် မြန်မာနိုင်ငံလက်ဖက်အသင်းအနေဖြင့် အဆင့်ဆင့်တင်ပြပြီး ယခုနှစ်အတွင်းပြီးစီးအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ဖက်ကို ရှေးနှစ်ပေါင်းများစွာ ဘုရင်များလက်ထက်ကတည်းက ဓလေ့ရိုးရာအစဉ်အလာအနေဖြင့် သုံးဆောင်လာခဲ့ကြပြီး ယနေ့ခေတ်ထိတိုင် ဘာသာရေးအခမ်းအနားများ၊ အလှူပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၌ မပါမဖြစ်အသုံးပြုလာကြသည့် ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ခြင်းကြောင့် ယူနက်စကိုဝင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လက်ဖက်စိုက်ပျိုးသည့် ခြံပိုင်ရှင်များ၊ တောင်သူများ၊ လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများ၊ Export ထုတ်လုပ်သည့် ကုမ္ပဏီများအပါအဝင် အသင်းဝင်ပေါင်းနှစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ပြည်တွင်းမှထွက်သည့် လက်ဖက်စိုများကို အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတချို့သို့ တင်ပို့လေ့ရှိပြီး ကျောက်မဲ၊ ပင်လောင်း စသည့် ဒေသထွက်လက်ဖက်များမှာ နာမည်ကျော်ကြားကာ ဈေးကောင်းရရှိကြောင်း သိရသည်။
