လာမည့်ခရီးသွားရာသီတွင် ပြည်ပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံ၏ အလှအပနှင့် ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လ ဒုတိယပတ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါပြပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားခြင်းအား ပြန်လည်မြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ သဘာဝအလှတရားများ၊ အပန်းဖြေကမ်းခြေများ၊ ရိုးရာအစားအစာများ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စပိန်၊ ပြင်သစ်၊ အီဂျစ်၊ ရိုမေးနီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘူတန်နှင့် ဖိလစ်ပိုင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများမှ ခရီးသွားဆိုင်ရာကုမ္ပဏီများ ပါဝင်ပြသသွားမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးကဏ္ဍတွင် ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေးနှင့် ငွေဆောင်ကမ်းခြေတို့အပါအဝင် ထင်ရှားသည့် ခရီးသွားဒေသများကို အဓိကထား မိတ်ဆက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြပွဲအတွင်း ပြည်တွင်းနှင့် ပြည်ပခရီးသွားဒေသများဆိုင်ရာ ပြခန်းများ၊ ခရီးသွားဆိုင်ရာဆွေးနွေးပွဲများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ဘဏ်နှင့် အာမခံဝန်ဆောင်မှုများ၊ ကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာကဏ္ဍများအပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ပြခန်းများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
