နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း ဧက ၉,၇၀၀ ကျော်အတွက် အောင်ရေလုံလောက်စွာ ရရှိစေရန် စိုက်ပျိုးရေများကို ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများနှင့် ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မေလ ၁၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆည်အသစ်တည်ဆောက်ရေး လမ်းညွှန်ချက်
ဒုတိယဝန်ကြီးက ဆည်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လမ်းညွှန်မှာကြားရာတွင် –
သတ်မှတ်ဒီဇိုင်းပုံစံများနှင့်အညီ အရည်အသွေး ကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး။
မိုးမကျမီ အပြီးဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်း အစီအစဉ်များအတိုင်း အချိန်မီပြီးစီးစေရေး။
လိုအပ်သည့် စက်ယန္တရားများ ထပ်မံဖြည့်ဆည်းကာ နေ့ညမပြတ် အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်။
၎င်းနောက် ဒုတိယဝန်ကြီးသည် ဆင်သေရေသောက်စနစ်၏ လက်ယာမြောင်းမကြီးတစ်လျှောက်၊ လက်ယာမြောင်းမကြီး၏ လက်တံ (၂) မြောင်းနှင့် လက်ဝဲမြောင်းမကြီး၏ တိုက်ရိုက်လက်တံမြောင်း (၁) အဖျားပိုင်းအထိ နွေစပါးနှင့် နွေအခြားသီးနှံများသို့ စိုက်ပျိုးရေ အမှန်တကယ် ပေးဝေနေမှု အခြေအနေများကိုလည်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
