မြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာနိုင်ငံတို့သည် ဇန်နဝါ ရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့်ဖြင့်သံတမန်အဆက်အသွယ်ထူထောင်ခဲ့ကြပြီး ယင်းသံတမန်ဆက်သွယ်မှုထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာသံအမတ်ကြီး Mr. Ali Mohamed Abukar တို့မှ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့်ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန်ဆန္ဒရှိ၍ သံတမန်အဆက်အသွယ်ထူထောင်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ သံတမန်အဆက်အသွယ်ထူထောင်ခဲ့ကြသဖြင့် ဆိုမာလီယာနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၇) နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။
