မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၁ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတို့ဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးစဉ် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်အထိ မြဝတီမြိုနယ်အတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၂၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတိုအနက်မှ ၁၃,၄၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းထားကြောင်းလည်း သိရသည်။
