ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအားပညာသင်စေလွှတ်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြားကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်များ၊ ကင်ဆာ ရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံများဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ စိန့်ပီတာစဘတ်မြို့ရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့်ကင်ဆာရောဂါနှင့် ဆီးချိုရောဂါကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရောင်းချလျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာ တက္ကသိုလ်များအကြား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကလေးဦးနှောက်နှင့်အာရုံကြောရောဂါ ကုသမှုနှင့် ကလေးများတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါကုသမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
