ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။
ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။
အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။
ဒုံးပျံလောင်စာအရည်ဖြစ်သော Liquid Oxygen သည် အလွန်အေးမြသည့် အထက်လေထုအလွှာနှင့် ထိတွေ့သည့်အခါ အရည်အဖြစ်မှ ရေခဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိပြီး ယင်းကဲ့ သို့ပြောင်းလဲသွားသည့် ရေခဲမှုန်များကို ကမ္ဘာ့အခြားတစ်ဖက်ခြမ်းမှ ကျရောက်နေသော နေရောင်ခြည်က လာရောက်ရို-က်ခတ်သည့်အခါ တောက်ပသော အလင်းပြန်မှု (Light Scattering) များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟုရှင်းပြထားသည်။
ထို့ပြင် မြေပြင်တွင် မှောင်စပြုနေပြီဖြစ်သော်လည်း အမြင့်ပေ ကီလိုမီတာ ရာနှင့်ချီသော နေရာများတွင် နေရောင်ခြည် ကျရောက်နေဆဲဖြစ်သဖြင့် မြေပြင်မှ ကြည့်ရှုသူများအဖို့ တောက်ပသည့် အလင်းတန်းကြီး (သို့မဟုတ်) တိမ်တိုက်ကြီးတစ်ခုကဲ့သို့ မြင်တွေ့ရခြင်းဖြစ်ကြောင်းလည်း အသိပေးသည်။
ယနေ့ခေတ်တွင် SpaceX နှင့် ISRO ကဲ့သို့သော အာကာသစူးစမ်းလေ့လာရေး အဖွဲ့အစည်းများက ညအချိန် ဒုံးပျံလွှတ်တင်မှုများကို ပိုမိုပြုလုပ်လာကြသောကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ယခုကဲ့သို့ “အာကာသဆိုင်ရာ ဖြစ်စဉ်” (Aerospace Phenom enon) များကို မကြာခဏ မြင်တွေ့လာရပြီဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် ယမန်နေ့ညပိုင်း၌ မြင်တွေ့ခဲ့ရသည့် ဖြစ်စဉ်သည် သဘာဝလွန်ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ နည်းပညာတိုးတက်မှုနှင့်အတူ ညကောင်းကင်ယံတွင် မြင်တွေ့ရလေ့ရှိသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း အတည်ပြုထားသည်။
ဓာတ်ပုံ- ၂၀၂၂ခုနှစ်က မြန်မာနိုင်ငံက အလားတူ မြင်တွေ့ခဲ့ရတဲ့ဖြစ်စဉ် တစ်ခုဖြစ်သည်။ (MASES)