မြို့နယ်အလိုက် မဲရုံလျာထား သတ်မှတ်ချက်များအတိုင်း လုံခြုံရေးစီမံချက်များ စနစ်တကျ ရေးဆွဲထားရန် နှင့် မဲစာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကြေညာဘုတ်ကပ်ရာတွင် ဖျက်ဆီးခံရမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောသည်။ ယမန်နေ့ စက်တင် ဘာ (၈)ရက်က ပဲခူးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညိနှိုင်းအစည်းဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်စာရင်းများ ထုတ်ပြန်ကြေညာပြီးပါက မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ဆောင်ရွက်ရမည် အပိုင်းလိုက်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန်အရှိန်ဟုန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း မှာကြားခဲ့သည်ဟု သိရသည်။
