မွန်ပြည်နယ် မော်လမြိုင်မြို မုဒုံမြိုနယ်အနီးတွင် အပြည်ပြည်ဆိုင်ရာကမ်းရိုးတန်းသွား မော်လမြိုင်ဆိပ်ကမ်းသစ်(မုဒုံ) တည်ဆောက်ရန်အတွက် ဆောင်ရွက်မည့်အစီအစဉ် ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကို ယနေ့ စက်တင်ဘာ(၂၆)ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ်ပူးပေါင်းတိုင်းတာခြင်း(joint survey) လုပ်ငန်းများဆောင်ရွက်မည် အစီအစဉ်များကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအသစ်ကို မော်လမြိုမြိုအနီး မုဒုံမြိုနယ်ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြားတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ နိုင်ငံတကာနှင့်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးအား အများဆုံးအသုံးပြုနေရသဖြင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်များအား တည်ဆောက်လျက်ရာ နိုင်ငံတကာကုန်သွယ်ရေကြောင်းသင်္ဘောများ တပြိုင်တည်းဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတံတား ၄၅ စင်းရှိပြီဖြစ်ကြောင်း သိရသည်။
ယင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၄၅ ခုမှာ ရန်ကုန်၊ကော့သောင်း၊မြိတ်၊မော်လမြိုင်၊ပုသိမ်၊သံတွဲ၊စစ်တွေနှင့်ကျောက်ဖြူမြိုများ၌ တည် ဆောက်ထားခြင်းဖြစ်သည်။
ထိုသို့ တည်ဆောက်ထားသော်လည်း ရန်ကုန်မြိုရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်သာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးဖြင့် ကုန်သွယ်ရေးလုပ်ငန်းများအားဆောင်ရွက်နိုင်ပြီး ကျန်ဆိပ်ကမ်းများမှာ ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိသဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တစ်ခုထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
