မဟာမကုဋရံသီ ဆံ တော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ကျင်းပနေရာ ဘုရားဖူးများစည်ကားလှကြောင်း ပုသိမ်သင်္ဘောဆိပ်တွင်ပင်မြင်နိုင်သည်။
မတ် ၅ ရက်အထိပွဲတော်ကျင်းပမည်ဖြစ်သည့်အတွက် ပိတ်ရက်နီးလာလေ စျေးသည်များက ကုန်လက်ကျန်လျော့စျေးဖြတ်လေ မို့ ယခုရက်ပိုင်းတွေက ပိုစည်နေသလိုပင်။
ကားဖြင့်သွားပါက ပုသိမ်-ငွေဆောင်ကားလမ်း၏ မိုင်တိုင်အမှတ် ၉၅/၆ လမ်း ခွဲမှတဆင့် စေတီတော်ကြီး၏ရင်ပြင်သို့ရောက်သည်။
“လမ်းကောင်းပါတယ်။
ကျမတို့က ပုသိမ်အထိကားနဲ့သွားပြီး ညနေ၆နာရီခွဲမှာ သင်္ဘောစီးပြီးသွားတာပါ။တိုက်ရိုက်ကားနဲ့လာကြတဲ့လူတွေလည်းအများကြီးပါ။
ရန်ကုန်ပုသိမ် ၄ နာရီ ပုသိမ်မော်တင်စွန်ူး ၅ နာရီမောင်းရတယ်တဲ့။ လမ်းကအတတ်အဆင်းအကွေ့များတယ်ပြောပါတယ်။သင်္ဘောကရိုးရိုးလည်းရှိတယ်၊အခန်းကတော့ကြိုဝယ်ရပါတယ် အိပ်စင်ပါ ၂ယောက်အိပ်ခန်းကို ၃၆၀၀၀ ကျပါတယ်”ဟု မော်တင်စွန်းရောက်နေသည့် ဘုရားဖူးသူတစ်ဦး က ပြောသည်။
ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူများအဆင်ပြေစေရန် ရေလမ်းခရီးအတွက် ကမ်းရိုးတန်းရေယာဥ်များ၊ကုန်းလမ်းခရီးအတွက် အဝေးပြေးခရီးသည်တင်(Express) ကားများပြေးဆွဲလျှက်ရှိသည်။
ဘုရားပွဲပြီးသွားပါကလည်း ဟော်တယ်များကဆက်လက်ဖွင့်နေမှာဖြစ်ပြီး စားရေးမခက်ခဲဟုဆိုသည်။သင်္ဘောက ပွဲတော်ရက် ဆိုလျှင် တနေ့ ၆စီးလောက်ဆွဲတတ်ပြီး ပွဲတော်ပြီးပါက တရက် ၂စီးပုံမှန်ဆွဲလေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။ပုသိမ်ကနေသင်္ဘောကို ညနေစီးလာပါကဘုရားသို့ မနက်အစောရောက်သည်။



