မုံရွာမြို့ပေါ် ရပ်ကွက်များတွင် ကျူးလွန်ခဲ့သော ဓါးပြများ သည် ကျူးလွန်ခဲ့သူ အချင်းချင်း တိုက်ရာပါပစ္စည်းများနှင့် ငွေများအား ခွဲဝေမပေးလိုသဖြင့် တာဝန်ရှိသူများသို့ လျှို့ ဝှက်သတင်းပေးရာ လက်ရဖမ်းမိကြောင်း သိရသည်။
ဖမ်းမိရာတွင် အမျိုးသား ဓားပြနှစ်ဦးကို ဇန်နဝါရီလ (၃၁) ရ က် နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်အချိန်က မုံရွာမြို့ ၊ ပြည်တော်သာရပ်ကွက်၊ ”ဟိန်း”လက်ဖက်ရည်ဆိုင်ရှေ့တွင် လ က်ရဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းမှဆက်လက်ဖော်ထုတ်ချက်အရ အမျိုးသမီး ဓါးပြတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိ ဓားပြများ၏ ထုတ်ဖော်ဝန်ခံမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားစုကျေးရွာနေ အောင်စိုးပိုင် (ခ) ကရင် (၂၉)နှစ် (ဘ) ဦးအုန်းမောင်နှင့်ထွန်းလင်းနိုင် (ခ) ကျော်နိုင်ဦး (၂၃ )နှစ်၊ (ဘ) ဦးသိန်းဝင်း တို့နှစ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်သို့ ရောက်ရှိပြီး အိမ်ငှားနေထိုင်ခဲ့ကြောင်း သိရသည်။
အိမ်နီးချင်းဖြစ်သူ သန္တာမြင့် (ခ)သဲသဲ နှင့် ခင်မင် ရင်းနှီးခဲ့ကာ သဲသဲ၏ ဦးဆောင်မှုဖြင့် ယင်းမာပင်မြို့နယ်၊ လယ်မှောက်ကျေးရွာနေ PDF ခေါင်းဆောင် သန့်ဇင် ( ခ ) ရန်ရှင်းနှင့် ၎င်း၏ဇနီး ခင်ဝေဦး၊ကိုထက်(ခ) အရှည်ကြီးတို့နှင့် ပူးပေါင်းမိပြီး ဇန်နဝါရီလဆန်းက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် ၊ သာစည်လမ်းဘေး အရက်ဆိုင်နေအိမ်သို့ ဓားပြတိုက် လုယက်ခဲ့ရာ ငွေကျပ်နှစ်သိန်းကျော်၊ ဖုန်းနှစ်လုံး၊ ဘီယာနှစ်ဖာ၊ အရက်နှစ်လုံး ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ (၁၃)ရက်က သန္တာမြင့်(ခ) သဲသဲသည် ၎င်း၏ မိတ်ဆွေ ကျော်ထူး(ခ) ဖက်တီးနှင့် အိသန္တာ ဆိုသူတို့ပါ ထပ်မံပူးပေါင်းပြီး မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ (၉) လမ်းရှိ စက်သုံးဆီ အရောင်းဆိုင် နေအိမ် သို့ ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း(၅၀)၊ ရွှေ (၁၂) ကျပ်သားခန့်ရှိ လက်ဝတ်ရတနာများ လုယက်ယူဆောင်ခဲ့ပြီးရရှိသော လက်ဝတ်ရတနာများအား မန္တလေးမြို့သို့ သွားရောက် ရောင်းချခဲ့ကြောင်းစစ် ဆေးဖော်ထုတ်ရရှိသည်။
ထို့နောက် ရောင်းချရငွေထဲမှ ဓါးပြအဖွဲ့ဝင် သန့်ဇင်က တစ်ဦးလျှင် ငွေကျပ် ခြောက်သိန်းစီသာ ခွဲဝေပေးပြီး ကျန်ငွေများနှင့် လက်ဝတ်ရတနာများအား ၎င်းနေထိုင်သော ရွာသို့ ယူဆောင်သွားပြီး ကျန်ငွေများနှင့် လက်ဝတ်ရတနာများအား ခွဲဝေမပေးလို၍ သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့လာမှုကြောင့် ဓါးပြများဖြစ်သော အောင်စိုးပိုင်(ခ)ကရင်၊ ကျော်နိုင်ဦး(ခ)ထွန်းလင်းနိုင် နှင့် သန္တာမြင့်(ခ) သဲသဲ တို့အား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ကျန်ရှိနေသော ဓားပြအဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့များက စုံစမ်း ရှာဖွေလျှက်ရှိကြောင်း သိရသည်။
