ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြေစာပုံအနီးလုပ်ငန်းခွင်ဝင်သူများ သတိပြုရန် အကြံပြု
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် လာမည့် ၄ ရက်မှ ၅ ရက်အတွင်း (ဇွန်လ ၁၄ ရက်မှ ဇွန်လ ၁၈ ရက် ဝန်းကျင်အထိ) တနိုင်း၊ ဖားကန့် နှင့် ခန္တီး မြို့နယ်များ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ခြေ မြင့်မားနေကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသခန့်မှန်းချက် အချက်အလက်များအရ ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်မိုးလေဝသအခြေအနေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည် –
အထူးသဖြင့် (တနိုင်း၊ ဖားကန့်၊ ခန္တီး) တွင် မုတ်သုံတိမ်တိုက်များ အဆက်မပြတ် ဖြတ်သန်းနေမည်ဖြစ်ရာ နေ့စဉ်ရက်ဆက် မိုးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးခြင်း (Isolated Heavy Falls) များ ဖြစ်ပေါ်နိုင်ကြောင်းလည်း အသိပေးထားသည်။
လာမည့် ဇွန် လ ၁၄ ရက် ၁၅ ရက်နေ့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး တိမ်တောင်တိမ်လိပ်များ (Cumulonimbus Clouds) အားကောင်းစွာ ဖြစ်ထွန်းနိုင်သည့်အတွက် ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်ဒေသများတွင် မိုးရေချိန် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထိုနောက် ဇွန် ၁၆ ရက်ကနေ ၁၇ ရက်နေ့တွင်မိုးရေချိန် အမြင့်မားဆုံးဖြစ်လာနိုင်သည့် ရက်များဖြစ်ပြီး၊ ဖားကန့်နှင့် ခန္တီးဘက်တွင် ၂၄ နာရီအတွင်း မိုးရေချိန် သိသိသာသာ ပိုမိုများပြားလာနိုင်ကြောင်း မြင်တွေ့ရကြောင်း ဦးဝင်းနိုင် က အသိပေးထားသည်။
ဖားကန့်ကဲ့သို့ ကျောက်စိမ်းလုပ်ကွက်များနှင့် ကုန်းမြင့်တောင်စောင်းများပြားရာ ဒေသတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားပွလာပြီး မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းနှင့် စွန့်ပစ်မြေစာပုံများ ပြိုကျခြင်း စသည့် အသက်အန္တရာယ်စိုးရိမ်ရသော ဖြစ်ရပ်များ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း သတိပြုရန်လည်း ဦးဝင်းနိုင်က ဆိုသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးနှင့် တနိုင်းမြစ်ဝှမ်းဒေသများရှိ ချောင်းငယ်၊ မြောင်းငယ်များတွင် တောင်ကျရေများပြားပြီး လျှပ်တပြတ် ရေကြီးရေလျှံမှုများ ရုတ်တရက် ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။
ဒေသခံများနှင့် ခရီးသွားများအအနေဖြင့် တောင်ကျရေအန္တရာယ်ရှိသည့် လမ်းပိုင်းများနှင့် မြေပြိုနိုင်ခြေရှိသော တောင်စောင်းအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် လိုအပ်ပြီး ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ: ဖားကန့်ဒေသရှိ လုပ်ကွက်များတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ပါက မြေစာပုံအနီးလုပ်ငန်းခွင်ဝင်ရောက်ခြင်းကို မဖြစ်မနေ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်း အကြံပြုထားသည်။