
၂ဝ၁၆ခုနှစ်၊ ဒီဇင်ဘာလက ထွက်ရှိခဲ့ပြီး ရုံတင်ရက်သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၄၅သန်းသာ ကုန်ကျခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း ၁၇၂ သန်း ပြန်လည်ရရှိနေတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ တစ်ဆက်တည်း ပတ်သက်ဆက်စပ်ကာ ခံစားဖြစ်ပျက်သွားကြရတဲ့ အမျိုးသမီး ၃ ယောက် အကြောင်း ရိုက်ကူးထားတဲ့ ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရေချယ်၊ မီဂန် ၊ အန်နာ ဆိုတဲ့ မိန်းမ ၃ ယောက် အကြောင်းပါ။
ဒါရိုက်တာ Tate Taylor က ရိုက်ကူးပြီး Emily Blunt, Haley Bennett, Rebecca Ferguson တို့က အဓိကဇာတ်ကောင်တွေနေရာမှာ သရုပ် ဆောင်ထားကြပါတယ်။ အရက်စွဲပြီး တစ်နေ့လုံးမူးနေတတ်သူဖြစ်အောင် ယောက်ျားပစ်သွားတာကိုခံရတဲ့ ရေချယ် ဟာ သူနေတဲ့ အတ်စလေဝက်ဆန်အရပ်ကနေ နယူးယောက်ကိုသွားတဲ့ ရထားပေါ်မှာ အသွားအပြန်လိုက်စီးရင်း အချိန်ကုန်နေရသူပါ။ ရထားလမ်းဘေးမှာ အနီးကပ်ရှိနေတဲ့သူနေခဲ့တဲ့ အိမ်နီးနားဝန်းကျင်ကို အမြဲတမ်းကြည့်နေမိတတ်သူပါ။
ရထားပေါ်ကနေ သူမြင်ရတဲ့ မြင်ကွင်းက သူ့ယောက်ျားဟာ သူနဲ့မကွဲခင်လပေါင်းများစွာကတည်းက ဖောက်ပြန်နေတဲ့ မိန်းမနဲ့ခုတော့ အတိ အလင်းကလေးတောင်ရနေပြီး ပျော်နေတဲ့မြင်ကွင်း။ သူကတော့ သားသမီးမရနိုင်လို့ အနိုင်ကျင့်ခံရသူ။ ခုတော့ စိတ် ဓာတ်ကျ ကာ အရက်စွဲ သူဖြစ်ခဲ့ရ။ အခု တော့ ယောက်ျားက မီဂန် ဆိုတဲ့ တတိယမြောက်မိန်းမငယ်နဲ့ ပျော်နေလိုက်တာ။ မီဂန် ဆိုတဲ့ မိန်းကလေးအပေါ် အရင်တုန်းက မိန်းမချင်းတန်ဖိုးထားတာ တွေ မရှိတော့ဘဲ ရွံ့ရှာစက်ဆုပ် သွားပါတယ်။
ရေချယ်ဟာ သူငယ်ချင်းအမျိုး သမီးတစ်ယောက်ရဲ့အိမ်မှာ အတူလိုက်နေရင်း အရက်အတူ သောက်ကြတဲ့အခါ မီဂန်ရဲ့ဦးခေါင်းကို ရိုက်ခွဲပစ်မယ်ဆိုတဲ့ အကြောင်း အော်ဟစ်ကာ ရင်ဖွင့်ပစ်လိုက်တယ်။ တစ်နေ့တော့ မီဂန်ရဲ့အိမ်နားကိုကပ်သွားခဲ့ပါတယ်။ ရေချယ် ဟာ အရက်တွေကလည်း အရမ်းမူးနေတာကြောင့် အဲဒီအိမ် နားရောက် ချိန်မှာလဲ သူ့ခေါင်းကို တစ်ယောက်ယောက်က ပြင်းပြင်းထန်ထန်ရိုက်လိုက်တာကိုခံလိုက်ရ ပါတော့တယ်။ ရေချယ်သတိရတဲ့ အချိန်မှာတော့ အခန်းထဲရောက်နေပြီး (သူငယ်ချင်းမကကားနဲ့ ပတ်ရှာပြီး တွေ့ခဲ့လို့) သူ့ယောကျာ်းဟောင်းက အလွန်ဒေါသထွက်နေတယ်။ တစ်နေ့ အဲဒီဘက်ကို ရောက်ပြန်တဲ့အခါ သူ့ကိုသိပ်ပြီး ကြောက်ရွံ့တယ်ဆိုတဲ့ ဟန်မျိုးနဲ့ နောက်မိန်းမက ကလေးလေးပွေ့ပြီး အိမ်ထဲ ဝင်ပြေးတယ်။
တစ်နေ့မှာထောက်လှမ်းရေး အမျိုးသမီးကြီး “ရိုင်လေ” ရောက်လာပြီး မေးမြန်းပါတယ်။ ခက်တာက အရက်အလွန်အကျွံမူး နေတဲ့အတွက်ကြောင့် ရေချယ်ဟာဘာမှ မမှတ်မိတော့တာပါဘဲ။ နောက်ရက် မှာတော့ မီဂန်ဆိုတဲ့မိန်းကလေး ပျောက်ဆုံး နေပြီး၊ နောက်ရက် အနည်းငယ် အကြာမှာ မီဂန်ရဲ့ အလောင်းကို သူတို့အိမ်နားက တောအုပ်ထဲမှာ ရှာတွေ့ခဲ့ကြတယ်။ ခင်ပွန်းဟောင်းရဲ့ နောက်မိန်းမ ဖြစ်သူ အန်နာ က မီဂန် ကို ရေချယ် သတ်တယ်လို့ ထင်ပါတော့တယ်။ ရဲတွေကလည်း ရေချယ်ကိုပဲ သံသယဝင်နေတယ်။ အဲဒီနောက် ရေချယ်ဟာ သူဖြစ်ပျက်ခဲ့တာတွေကို အဆက်အစပ်မိနိုင်သမျှ မိအောင် ပြန်စဉ်းစားတယ်။ အဲဒီမှာ မီဂန်ဟာ ရက် အနည်းငယ်က လူတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို ရထားပေါ်က မြင်တွေ့ရတဲ့အကြောင်း ပြောပေမယ့် မီဂန်နဲ့ရေချယ်ဟာ အပြင်မှာ မရင်းနှီး တာရယ်၊ သူအရက်အလွန် မူးနေတာရယ်ကြောင့် ဘယ်သူမှ မယုံကြဘူး။ ကလေးမရနိုင်လို့ ယောက်ျားစွန့် ပစ်ခံရတဲ့အပြင် အရက်စွဲပြီး နေ့တိုင်း အလွန်အကျွံ မူးနေတဲ့ မိန်းမတစ် ယောက်ဟာ အခြားသော မိန်းမတွေရဲ့ စရိုက်ဆိုးတွေရဲ့ကြားမှာရော၊ လူသေမှုတွေရဲ့ ကြားမှာရော ရေချယ် ဟာ ဘယ်လိုရုန်းကန်ရမလဲဆိုတာ …။
ဝင်းကိုမောင်
