၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballond’Or) အတွက် ဆန်ကာတင် အယောက် ၃၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) ပါဝင်လာခဲ့သည်။
ဘရူနိုသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းကို အမှတ်ပေးဇယား အဆင့် (၃) နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိစေရန် အဓိကအခန်းကဏ္ဍမှ ဦးဆောင်မှုပေးခဲ့သူ ဖြစ်သည်။
ထို့ပြင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး စံချိန်ဟောင်းများကိုပါ ကျော်ဖြတ်နိုင်ခဲ့သဖြင့် ကစားသမားအချင်းချင်း မဲပေးရွေးချယ်သည့် PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု (PFA Players’ Player of the Year) ကိုလည်း ဆွတ်ခူးရရှိထားသူ ဖြစ်သည်။
ယခုနှစ် အမျိုးသားဘလွန်းဒီအောဆုအတွက် ရွေးချယ်ခံထားရသည့် ထိပ်သီးဆန်ကာတင် ကစားသမား ၃၀ စာရင်းတွင် ဂျုဒ် ဘယ်လင်ဂမ်၊ ပြီးခဲ့သည့်ရာသီက အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်း ယာမားလ်၊ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေနှင့် ဗီနီစီယပ်စ် ဂျူနီယာတို့ကဲ့သို့ ထိပ်တန်းကစားသမားများစွာ ပါဝင်နေသည်။
ထို့အတူ မန်ချက်စတာစီးတီးအသင်းမှ တိုက်စစ်မှူး အားလင်း ဟာလန်း၊ ဘိုင်ယန်မြူးနစ်အသင်းတွင် ဂိုးမြူးခဲ့သည့် ဟယ်ရီ ကိန်းနှင့် ဝါရင့်တိုက်စစ်မှူး မိုဟာမက် ဆာလာတို့လည်း စာရင်းတွင် နေရာယူထားကြသည်။
ယင်းအပြင် အာဆင်နယ်အသင်းမှ ကွင်းလယ်လူ ဒီကလန် ရိုက်စ်၊ ခံစစ်မှူး ဝီလီယံ ဆာလီဘာနှင့်အတူ လီဗာပူးအသင်း၏ ကျောရိုးဖြစ်သူ ဗန်ဒိုက်တို့ကဲ့သို့ ပရီးမီးယားလိဂ်အခြေစိုက် ကစားသမားအများအပြားလည်း ဆန်ကာတင်စာရင်းတွင် အပြိုင်အဆိုင် ပါဝင်လျက်ရှိသည်။
Credit – Manchester United
