မန္တလေးမြို့ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီးနှင့် မဟာဂန္ဓရုံကျောင်းတိုက်ဆရာတော်ကြီးတို့အား နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ဖေဖော်ဝါရီ ၈ ရက်နံနက်ပိုင်းက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
သက်တော်(၉၇)နှစ်၊ ဝါတော်(၇၇)ဝါရှိ(သက်တော်ရှည်) မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ရာမှ ပြန်လည်ကောင်းမွန်လာခဲ့၍ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၌ ပြန်လည်သီတင်းသုံးတော်မူလျက်ရှိသည်။
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးအားကျန်း မာရေးစောင့်ရှောက်မှုပေးထားခြင်းကိုမေးမြန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေအနေများကိုမပြတ်စောင့်ကြည့်၍ လိုအပ်သည်များကိုအချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကိုယ်လက် လှုပ်ရှားမှုများကို မပြတ်ဆောင်ရွက်ပေးရန် အလေးထားမှာကြားသည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသ သက်တော်(၉၃)နှစ်၊ ဝါတော်(၇၃)ဝါရှိ(သက်တော်ရှည်ဆရာတော်ကြီး)အား နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှသွားရောက်ဖူးမြှော်ကြည်ညိုကာ ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များကိုအလေးထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန် လည်ချီးမြှင့်ပေးအပ်ခဲ့သည်။
